Sunday, August 19, 2007

အပျင်းပြေ

ကျနော် ဒီလမ်းထိပ်လေးမှာ မြွေအလိမ္ပါယ် လာပြနေတာ တစ်ပါတ်တောင်ရှိပြီ။ ဒီလမ်းက `သူ´ ဈေးသွားနေကျ လမ်းလေ။ သူက မြွေအလိမ္ပါယ် ၀ါသနာပါပုံရတယ်။ အစကတော့ ဖြတ်သွားတုန်း ခဏ ငဲ့ကြည့်ရုံပဲ။ နောက်တော့ ဈေးသွားဈေးပြန်တိုင်း ရပ်ကြည့်တယ်။ အံ့သြသွားလိုက်၊ စိုးရိမ်သွားလိုက်၊ လက်ခုပ်လက်ဝါးတီးလိုက်နဲ့ သူအားပေးလေလေ၊ ကျနော်က အစွမ်းတွေ ပိုပြလေလေပေါ့။

တစ်ရက်ပြီး တစ်ရက် ကြာလာတော့ ကြည့်တဲ့သူတွေလဲ ရိုးလာကြပြီ။ နောက်တစ်နေရာ ပြောင်းသင့်နေပြီပေါ့လေ။ ဒါပေမယ့် ကျနော်က သူရှိတဲ့ ဒီနေရာလေးကိုပဲ အမြဲတမ်း လာချင်နေတယ်။ မနီးစပ်တဲ့ဘ၀၊ မဖြစ်နိုင်တာကို မျှော်လင့်မိတယ် ပြောလဲ ခံရမှာပဲ။

ဒီနေ့တော့ အသစ်ဝယ်ထားတဲ့ မြွေဟောက်ကြီးနဲ့ အလိမ္ပါယ်ပြမယ်လို့ ကြံပြီး သယ်လာခဲ့တယ်။ ဒီကောင်ကြီးက အကောင်လဲကြီး၊ ဒေါသလဲကြီး၊ အဆိပ်လဲ ပြင်းတယ်။ သတိတော့ ထားရမှာပဲ။ ဟော .. ဟိုမှာ .. သူလာနေပြီ။ သူ ဒီနေ့ အရမ်းလှတာပဲ။ မြွေဟောက်ကြီးကို မြင်တော့ အံ့သြသွားပြီး ရပ်ကြည့်နေတယ်။ ကျနော်လဲ ပညာကုန်ထုတ်ပြီး အစွမ်းပြတော့တာပေါ့။ မြွေဟောက်ကြီးကလဲ ရှူးရှူးရှားရှားနဲ့ ဒေါသတွေ ထွက်လို့။

ခဏကြာတော့ ကောင်လေးတစ်ယောက်က သူ့အနား ကပ်လာပြီး သူ့လက်ကို လာဆွဲတယ်။ စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားပြီး လက်ရုပ်တာတောင် နဲနဲ နှေးသွားတယ်။ ကံသီပေလို့ ...။ ကောင်လေးက သူ့ကို `ကြာလိုက်တာကွာ။ စောင့်ရတာ စိတ်မရှည်လို့ လိုက်လာတာ။ ကိုယ့်ထက်ပဲ ဒီမြွေအလိမ္ပါယ်က အရေးကြီးနေသလား´တဲ့။ သူက `ကိုကလဲ၊ မြွေအလိမ္ပါယ်က အဆန်းအပြားမို့ ခဏအပျင်းပြေ ကြည့်တာပါ။ ကိုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ´ တဲ့။ အဲလို အပြန်အလှန်ပြောပြီး လက်ချင်းတွဲလို့ လှည့်ထွက်သွားကြတယ်။

ဦးနှောက်မှာ ဟာကနဲ ဖြစ်ပြီး လက်ရုပ်တာ နှေးအသွားမှာ မြွေစွယ်တစ်ဖက်က လက်ညှိုးကို စိုက်ဝင်သွားတယ်။ လူတွေ လန့်အော်သံကို ကြားလိုက်ရသလိုလို ...။ ရုတ်တရက် မိုးမှောင်ကျသွားတယ်လို့ ထင်လိုက်မိတယ်။ နောက်ဆုံး ၀ိုးတ၀ါးနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ လက်ချင်းတွဲပြီး လျှောက်သွားကြတဲ့ သူနဲ့ သူ့ချစ်သူရဲ့ ပုံရိပ်လေးနှစ်ခု .....................။

ခရီရေတာ
19.8.2007