Sunday, August 19, 2007

အပျင်းပြေ

ကျနော် ဒီလမ်းထိပ်လေးမှာ မြွေအလိမ္ပါယ် လာပြနေတာ တစ်ပါတ်တောင်ရှိပြီ။ ဒီလမ်းက `သူ´ ဈေးသွားနေကျ လမ်းလေ။ သူက မြွေအလိမ္ပါယ် ၀ါသနာပါပုံရတယ်။ အစကတော့ ဖြတ်သွားတုန်း ခဏ ငဲ့ကြည့်ရုံပဲ။ နောက်တော့ ဈေးသွားဈေးပြန်တိုင်း ရပ်ကြည့်တယ်။ အံ့သြသွားလိုက်၊ စိုးရိမ်သွားလိုက်၊ လက်ခုပ်လက်ဝါးတီးလိုက်နဲ့ သူအားပေးလေလေ၊ ကျနော်က အစွမ်းတွေ ပိုပြလေလေပေါ့။

တစ်ရက်ပြီး တစ်ရက် ကြာလာတော့ ကြည့်တဲ့သူတွေလဲ ရိုးလာကြပြီ။ နောက်တစ်နေရာ ပြောင်းသင့်နေပြီပေါ့လေ။ ဒါပေမယ့် ကျနော်က သူရှိတဲ့ ဒီနေရာလေးကိုပဲ အမြဲတမ်း လာချင်နေတယ်။ မနီးစပ်တဲ့ဘ၀၊ မဖြစ်နိုင်တာကို မျှော်လင့်မိတယ် ပြောလဲ ခံရမှာပဲ။

ဒီနေ့တော့ အသစ်ဝယ်ထားတဲ့ မြွေဟောက်ကြီးနဲ့ အလိမ္ပါယ်ပြမယ်လို့ ကြံပြီး သယ်လာခဲ့တယ်။ ဒီကောင်ကြီးက အကောင်လဲကြီး၊ ဒေါသလဲကြီး၊ အဆိပ်လဲ ပြင်းတယ်။ သတိတော့ ထားရမှာပဲ။ ဟော .. ဟိုမှာ .. သူလာနေပြီ။ သူ ဒီနေ့ အရမ်းလှတာပဲ။ မြွေဟောက်ကြီးကို မြင်တော့ အံ့သြသွားပြီး ရပ်ကြည့်နေတယ်။ ကျနော်လဲ ပညာကုန်ထုတ်ပြီး အစွမ်းပြတော့တာပေါ့။ မြွေဟောက်ကြီးကလဲ ရှူးရှူးရှားရှားနဲ့ ဒေါသတွေ ထွက်လို့။

ခဏကြာတော့ ကောင်လေးတစ်ယောက်က သူ့အနား ကပ်လာပြီး သူ့လက်ကို လာဆွဲတယ်။ စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားပြီး လက်ရုပ်တာတောင် နဲနဲ နှေးသွားတယ်။ ကံသီပေလို့ ...။ ကောင်လေးက သူ့ကို `ကြာလိုက်တာကွာ။ စောင့်ရတာ စိတ်မရှည်လို့ လိုက်လာတာ။ ကိုယ့်ထက်ပဲ ဒီမြွေအလိမ္ပါယ်က အရေးကြီးနေသလား´တဲ့။ သူက `ကိုကလဲ၊ မြွေအလိမ္ပါယ်က အဆန်းအပြားမို့ ခဏအပျင်းပြေ ကြည့်တာပါ။ ကိုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ´ တဲ့။ အဲလို အပြန်အလှန်ပြောပြီး လက်ချင်းတွဲလို့ လှည့်ထွက်သွားကြတယ်။

ဦးနှောက်မှာ ဟာကနဲ ဖြစ်ပြီး လက်ရုပ်တာ နှေးအသွားမှာ မြွေစွယ်တစ်ဖက်က လက်ညှိုးကို စိုက်ဝင်သွားတယ်။ လူတွေ လန့်အော်သံကို ကြားလိုက်ရသလိုလို ...။ ရုတ်တရက် မိုးမှောင်ကျသွားတယ်လို့ ထင်လိုက်မိတယ်။ နောက်ဆုံး ၀ိုးတ၀ါးနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ လက်ချင်းတွဲပြီး လျှောက်သွားကြတဲ့ သူနဲ့ သူ့ချစ်သူရဲ့ ပုံရိပ်လေးနှစ်ခု .....................။

ခရီရေတာ
19.8.2007

Saturday, July 14, 2007

KFeed Linker: a Google gadget modified by kreator

ကျနော့် ဘလော့မှာ တင်ထားတဲ့ `သူတို့တွေက ဒီလိုတွေးပြီး ဒီလိုရေးကြတယ်´ ဆိုတဲ့ Google gadget လေးကို သတိထားမိကြမလား မသိဘူး။ အဲဒီ Gadget လေးကို စတင်ထားတုန်းက မူရင်း ရေးထားတဲ့သူတွေရဲ့ Code နဲ့ သုံးကြည့်တာပါ။ ဖွန့်မျိုးစုံ ဆော့ဖ်ဝဲမျိုးစုံ တင်ထားတဲ့ ကျနော့်စက်မှာ အကုန်ပေါ်ပေမယ့် တခြားသူတွေရဲ့ စက်မှာ လေးထောင့်တုန်းတွေပဲ မြင်ရတယ်လို့ သိရတဲ့အခါမှာ မြန်မာစာမြင်ရအောင်လို့ စဉ်းစားရပြန်ရော။ Google gadgets တွေက Open Source ဖြစ်တဲ့အတွက် သူတို့ကို ကိုယ်နဲ့ သင့်တော်သလို ပြုပြင်လို့ ရတယ်။ အဲဒီလိုနဲ့ ဟိုလို tweak လုပ်လိုက်၊ ဒီလို tweak လုပ်လိုက်နဲ့ပဲ နောက်ဆုံးမှာတော့ စိတ်ကြိုက် အခြေအနေတစ်ခုကို ရတဲ့အခါ တခြား သူများတွေ သုံးရင် အဆင်ပြေရအောင်လို့ Google Web gadgets မှာ submit လုပ်လိုက်ပါတော့တယ်။

ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့ အခါမှာတော့ နောက်ဆုံး အောင်မြင်သွားပါပြီ။ ဒီမှာပါ။ ကျနော့်ဘလော့ဂ်မှာ တင်ထားတဲ့ အတိုင်း Default settings တွေ လုပ်ထားပါတယ်။
ဒါကတော့ Width and Height ပြောင်းဖို့ပါ။ Blogger မှာ ဘေးဘက်က ထည့်ချင်တယ် ဆိုရင် Width ကို 200 ထားပါ။ Height ကတော့ 250 ကနေ 300 ကြားထားရင် ကြည့်ကောင်းပါတယ်။

Gadget ရဲ့ အပေါ်ဆုံးမှာ ပေါ်နေမယ့်စာသားအတွက် KFeed Linker ဆိုတဲ့ နေရာမှာ အစားထိုးလိုက်ပါ။

Tab Font Size ကတော့ 0.8em က အနေတော်ပါပဲ။

Feed 1 URL ဆိုတဲ့ နေရာမှာ ကိုယ်ထည့်ချင်တဲ့ ဘလော့ဂ်ရဲ့ လိပ်စာကို ပြောင်းထည့်ပါ။ ဥပမာ .. ခရီရေတာ ရဲ့ ဘလော့ဂ်ဆိုရင် http://dreams-of-kreator.blogspot.com/
အဲဒီနောက်က /feeds/posts/default ဆိုတာကိုလဲ ထည့်ဖို့ မမေ့ပါနဲ့ဦး။ အဲဒါမပါရင် အလုပ်လုပ်မှာ မဟုတ်ပါ။

ဘလော့ဂ်လေးခုကိုပဲ လင့်လို့ ရပါတယ်။ အမှန်ကတော့ အများကြီးလဲ ရပါတယ်။ ဒါပေမယ့် Blogger ရဲ့ ဘေးဘက်မှာ ထားရင် လေးခုပဲ ဆန့်လို့ပါ။
Feed 1 Title ဆိုတဲ့နေရာမှာတော့ ကိုယ်ပေးချင်တဲ့နံမည်ပေါ့။ ဒါပေမယ့် သိပ်ရှည်နေရင် ကြည့်မကောင်းပါ။ နောက် Feed 2 ကနေ Feed 4 အထိ အဲလို ဆက်လုပ်ပါ။

# of Entries ကတော့ နောက်ဆုံးပို့စ် ဘယ်နှစ်ခုကို တင်ထားချင်လဲ ဆိုတာပါ။ Default က 3 ခုပါ။
Summaries က ပို့စ်ရဲ့ အစက စာသားတွေကို ယူပြီး အမြည်း အဖြစ်နဲ့ ဖော်ပြပေးတာပါ။ ကျနော်ကတော့ none လို့ ထားပါတယ်။

Render HTML နဲ့ Show Timestamp ကတော့ ဒီအတိုင်းပဲ ထားလိုက်ပါ။ မပြောင်းပါနဲ့တော့။

ကိုယ်ပြောင်းတဲ့ Settings တွေကို အပေါ်က box ထဲမှာ Preview ပြပေးနေပါလိမ့်မယ်။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် Get the code ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ အဲဒီမှာ ပေါ်လာတဲ့ codings တွေကို copy လုပ်ပြီး ကိုယ့် Blogger ရဲ့ Template Layout မှာ Add a Page Element ကိုရွေး။ ပြီးရင် HTML/Javascript ဆိုတာကို ရွေးလို့ Add to blog လုပ်လိုက်ပါ။ Content မှာ paste လုပ်၊ Title မှာ တစ်ခုခု ထည့်ပြီး save changes လုပ်လိုက်ရင်ဖြင့် ခရီရေတာ ပြန်လည်မွမ်းမံထားတဲ့ KFeed Linker: Google Gadget ကို သုံးနိုင်ပြီး ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား။

စာကြွင်း။ အခုရက်ပိုင်း ဘာဖြစ်နေလဲ မသိပါ။ ပို့စ်အသစ်တွေ တင်တာကို ချက်ချင်း မမြင်ရပါဘူး။ ၁နာရီလောက် ကြာမှ KFeed Linker မှာ ပေါ်လာပါတယ်။ ဒါပေမယ့် Better late than nothing ပေါ့ဗျာ။

Thursday, July 12, 2007

မချစ် သီချင်းလေး တစ်ပုဒ်

မနေ့ညက ၀ီကီမှာ ရုပ်ရှင်အကြောင်းတွေ မွှေနှောက် ရှာဖွေရင်းက ရန်ကုန်မှာ ကြည့်ခဲ့ဖူးတဲ့ Austin Powers: The Spy Who Shagged Me ထဲက သီချင်းလေးတစ်ပုဒ်ကို ပြန်တွေ့ပြီး နားထောင်ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်တုန်းက အဲဒီသီချင်းလေးကို သံစဉ်ကောင်းလို့ နှစ်သက်ခဲ့တာပါ။ အခု ပြန်နားထောင်တော့ စာသားလေးကပါ ဆန်းတာနဲ့ သူငယ်ချင်းတွေပါ နားဆင်ရအောင်လို့ ဒီမှာတင်ပေးလိုက်ပါတယ်။ သီချင်းလေး နံမည်က I'll never fall in love again တဲ့ ...

I'll never fall in love again
Artist: Elvis Costello

What do you get when you fall in love?
A girl with a pin to burst your bubble
That's what you get for all your trouble
I'll never fall in love again
I'll never fall in love again

What do you get when you kiss a girl
You get enough germs to catch pneumonia
After you do, she'll never phone ya
I'll never fall in love again
I'll never fall in love again

Don't tell me what it's all about
'cause I've been there and I'm glad I'm out
Out of these chains, those chains that bind you
That is why I'm here to remind you

What do you get when you give your heart?
You get it all broken up and battered
That's what you get, a heart that's shattered
I'll never fall in love again

What do you get when you fall in love?
You only get lies and pain and sorrow
So for at least until tomorrow
I'll never fall in love again
I'll never fall in love again

မင်းချစ်မိသွားရင် ဘာတွေများ ရပါသလဲ
မင်းရဲ့ (မျှော်လင့်ချက်) ပူဖောင်းလေးကို ဖောက်ပစ်မယ့်
ပင်အပ်နဲ့ ကောင်မလေး တစ်ယောက်ပေါ့
မင်းရဲ့ ဒုက္ခတွေ အားလုံးအတွက် ပြန်ရမှာကတော့ အဲဒါပဲ
ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး
ငါကတော့ ဘယ်တော့မှကို ထပ်ချစ်မှာ မဟုတ်တော့ဘူး

မင်း ကောင်မလေးကို နမ်းမယ်ဆိုရင် ဘာတွေရမလဲ သိလား
နျူမိုးနီယား (အဆုတ်အအေးမိရောဂါ) ရနိုင်လောက်တဲ့ ရောဂါပိုးတွေပေါ့
မင်းရောဂါရပြီးရင်တော့ သူက မင်းကို ဘယ်တော့မှ
ဆက်သွယ်တော့မှာ မဟုတ်ဘူး

ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး
ငါကတော့ ဘယ်တော့မှကို ထပ်ချစ်မှာ မဟုတ်တော့ဘူး


အချစ်ဆိုတာ ဘယ်သို့ဘယ်ညာ ငါ့ကို လာပြောမနေနဲ့တော့
ဘာကြောင့်လဲဆိုတော့ ငါချစ်ခဲ့ဖူးတယ်၊ အခု အဲဒီ အကျဉ်းချထားမယ့် သံကြိုးတွေကနေ လွတ်မြောက်လာတာကိုလဲ ၀မ်းသာမိတယ်
ငါအခု ဒီမှာရောက်နေတာကလဲ မင်းကို သတိပေးဖို့ပဲ

မင်းနှလုံးသားကို ပေးမယ်ဆိုရင် မင်းဘာတွေ ပြန်ရသလဲ
မင်းရဲ့ နှလုံးသားကိုပဲ ကျိုးပဲ့ စုတ်ပြတ်တဲ့ အခြေအနေနဲ့ ပြန်ရလိမ့်မယ်
မင်းရမှာ အဲဒါပဲ၊ တစ်စစီ ကျိုးပဲ့ နေတဲ့ နှလုံးသား
ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး

မင်းချစ်မိသွားမယ်ဆိုရင် မင်းဘာတွေ ရမှာလဲ
မုသားစကားတွေ၊ ဒဏ်ရာတွေ နဲ့ ၀မ်းနည်းမှုတွေပဲ ရမယ်
ဒါကြောင့်မို့ အနည်းဆုံး မနက်ဖြန်အထိတော့
ငါကတော့ ထပ်မချစ်တော့ဘူး
ငါကတော့ ထပ်ချစ်မှာ မဟုတ်တော့ဘူး

Disclaimer: သီချင်းစာသားနဲ့ ဆိုလိုရင်းများသည် သီချင်းရေးသူ၏ အာဘော်သာ ဖြစ်ပါကြောင်းနဲ့ ခရီရေတာနှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း အတိအလင်း ထုတ်ပြန် ကြေညာအပ်ပါသည်။ :P

Tuesday, June 19, 2007

မိုးတွေ ရွာနေချိန်တိုင်း ....

ငှက်ကလေးများ မိုးပေါ်မှာ ... ကျနော်မွေးတဲ့ ဟောဒီကမ္ဘာ ...

မိုးဦးကျကာစ ညတစ်ညမှာ ခရီရေတာတစ်ယောက် လူ့လောကကို စတင်ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်က ထူးထူးခြားခြား မိုးတွေသဲပြီး ရေတွေ ကြီးပါသတဲ့။ အဖေက ဒူးခေါင်းလောက်ရှိတဲ့ ရေတွေထဲက ဖြတ်ပြီး ခရီရေတာပေါက်စလေးနဲ့ အမေရှိတဲ့ အိမ်ကို ရုံးကနေ ပြန်ပြန်လာရတာပေါ့ ....။


ဝလုံးလေးမှ ၀ိုင်းအောင် မရေးနိုင်ခင် ...

တစ်နေ့လုံး စွေရွာနေတဲ့ မိုးကြောင့် ဒီနေ့တော့ အပြင်ထွက်ဆော့လို့ မရတော့ပါဘူး။ အိမ်ရှေ့ သံဇကာကွက်တွေနားမှာ ရပ်ပြီး ကောင်းကင်က ကျဆင်းလာတဲ့ မိုးရေစက်တွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေရပါတော့တယ် ....။


ခေါင်းလောင်းသံ တစ်ညံညံပေး .. ရွာကျောင်းကို တွေးမြင်မိပေ ...

မိုးတွေရွာလို့ ပျော်နေတဲ့ ဘဲတွေ၊ ငန်းတွေနဲ့ ဖားတွေကို တွေ့ရင် အရှေ့က ရေထဲမှာ မြောနေတဲ့ ဖိနပ်စုတ်နဲ့သာ ကောက်ပေါက်လိုက်ချင်ပါတော့တယ်။ ကျောင်းကနေ အိမ်ကိုပြန်ရတဲ့ လမ်းမတစ်လျှောက်မှာတော့ ရေတွေ ဖွေးလို့ပေါ့။ ဒီနေ့ ကျောင်းဆင်းချိန်မှာမှ ကိုရွှေမိုးက အညှိုးနဲ့ ရွာချတာမို့ ကျောင်းဝတ်စုံရော ခပ်တိုတိုလွယ်ထားတဲ့ လွယ်အိတ်ထဲက ကျောင်းစာအုပ်တွေရော စိုကုန်ပါပြီ။ အိမ်ရောက်ရင်တော့ မီးကင်ရဦးမယ်။ ဒီကြားထဲ ဆရာမကလဲ အိမ်စာတွေ အများကြီး ပေးလိုက်သေးတယ်။ မနက်ဖြန်ထပ်ရမယ်တဲ့ ...။


မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို ...

ကျောင်းမှာ မနက်ဖြန် Tutorial အတွက် Lecturer က စာပြန်နွှေးပေးပါမယ်ဆိုမှ မိုးတွေက သဲတော့တယ်။ မြို့ပြင်မှာရှိတဲ့ ကျောင်းကို ၄၅မိနစ်လောက် မောင်းရတဲ့ ကျောင်းကားနဲ့ ဒီလိုမိုးနဲ့ လမ်းမှာ ရေကြီးတာနဲ့ ဆိုရင်တော့ အတန်းနောက်ကျပါပြီ။ နောက်ကျတော့ နောက်ဆုံးတန်းမှာ ထိုင်ရဦးမယ်၊ မိုးသဲလို့ မီးကလဲ ပျက်ဦးမှာဆိုတော့ ခပ်တိုးတိုးပဲ ပြောတတ်တဲ့ Lecturer အသံကို ဘယ်လိုနားထောင်ရပါ့ ....။


အဝေးသို့ လေယာဉ်ပျံကြီး ဦးတည် ....

ညိုမဲနေတဲ့ မိုးတိမ်တွေနဲ့ မိုးနံ့သင်းနေတဲ့လေနဲ့ဆိုရင်တော့ လေယာဉ်ပျံဆင်းလာရင် မိုးကိုပါ ခေါ်လာမှာ အသေအချာပါပဲ။ လေယာဉ်ကွင်းမှာ တိုက်တဲ့လေက ပြင်းလွန်းတာမို့ မိုးရောလေရော ပါလာရင် ခဲလုံးလေးတွေနဲ့ အပေါက်ခံရသလို ခံစားရတယ်။ ဒူးခေါင်းလောက်ထိပဲ လုံတဲ့ မိုးကာအင်္ကျီရှည်တွေကို ၀တ်ထားတဲ့ ခရီရေတာ အပါအ၀င် လေယာဉ်မက္ကင်းနစ်တွေက လေယာဉ်ကွင်းထဲမှာ အသင့်နေရာယူပြီးပါပြီ။ လေယာဉ်ဆင်းလာရင် ရပ်ရမယ့်နေရာကို လမ်းပြခေါ်မယ့်သူက ခေါ်၊ ဆီဖြည့်မယ့်သူက ဖြည့်၊ နောက်တစ်ခေါက်ပျံဖို့အတွက် စစ်ဆေးမှုတွေလုပ်တဲ့သူက လုပ်နဲ့ အလုပ်ရှုပ်ရတော့မယ်။ မိုးငွေ့ရေငွေ့တွေကြောင့် စိတ်ဖောက်ပြန်လာတတ်တဲ့ မိုးတိမ်ကြည့်တဲ့ ရေဒါအပါအ၀င် လေယာဉ်က လျှပ်စစ်ပစ္စည်းတွေကိုလည်း စိတ်ပူရသေးတယ်။ ဘုရားသိကြားမလို့ မိုးထဲရေထဲမှာ စက်မပြင်ရပါစေနဲ့ ....။


မိုးကလေးဖွဲတုန်း သတိရတယ် ...

မိုးကို မချစ်တဲ့ ခရီရေတာနဲ့ ၁၂လရာသီလုံး မိုးရွာတဲ့ စင်ကာပူနဲ့တော့ တွေ့ကြပါပြီ။ မိုးဖွဲဖွဲနဲ့ ခဏခဏရွာတတ်တဲ့ စင်ကာပူမိုးကိုလဲ စိတ်တော့ ပျက်မိသေးတာပဲ။ ဒါပေမယ့် မုန်တိုင်းတေလေကြောင့် မိုးတွေစွေတဲ့ ရက်မျိုးဆိုရင်တော့ အိမ်မှာ မိုးရေတွေ ခံနေရှာမယ့် အမေနဲ့ ရေကြီးပြီး ဗွက်ပေါက်နေမယ့် ရန်ကုန်မြေကိုတော့ တမ်းတမ်းတတ လွမ်းမိရပါသေးတယ်လေ ....။ ။

ခရီရေတာ
19.6.2007
(ခေတ္တ စန်တိုစာကမ်းခြေ .. ဟီး ...)

ထပ်မံတက်ချင်တဲ့ သူတွေကတော့
  • ဘာညာ သာရကာ နေကြာ ကွာစိ
  • ချစ်စရာ ညလေးသိလိ (သူက အဲလိုခေါ်တာ ကြိုက်တယ်ဆိုလို့ ... :P)
  • အကိုကြီး (ဒီလိုပဲ ရမ်းခေါ်လိုက်တာပဲ) ကိုပု

တို့ ဖြစ်ပါတယ်။

Friday, June 1, 2007

မဖြစ်သင့်ဘူး

အိမ်အပြင်ဘက်က ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေတယ်။ ကိုယ့်စိတ်တွေလဲ မှုန်မှိုင်းနေတယ်။ ရင်ခုန်တယ်၊ ကြည်နူးတယ်ဆိုတဲ့ ခံစားချက်တွေလဲ မလိုချင်တော့သလိုပဲ။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်ချင်မှန်း မသိတော့ဘူးကွာ။ တစ်ဖက်သတ် စိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတယ်။ အဲဒါတွေ မဖြစ်သင့်မှန်း ကိုယ်သိပါတယ်။ တကယ်ချစ်တာဟုတ်ရဲ့လားလို့ သံသယအတွေးတွေလဲ
ဝင်လာတယ်။

ကိုယ့်ရဲ့ စိတ်ကူးတွေ မျှော်လင့်ချက်တွေလဲ အကြိမ်ကြိမ် ကြေမွပျက်စီးခဲ့ရဖူးတယ်။ ကိုယ့်ဘ၀မှာ ရင်ခုန်စရာတွေအားလုံး ရပ်တန့်ခဲ့ရပါပြီ။ ဟိုးအရင်တုန်းကမက်ခဲ့တဲ့ အိပ်မက်တွေကိုရော နောက်တစ်ခေါက်ပြန်ပြီး မက်သင့်သေးရဲ့လား။ အရာရာကို အရှုံးပေးထားတဲ့ စိတ်တွေနဲ့ ဘာဆိုဘာကိုမှ မလုပ်တတ်တော့ပါဘူးကွာ။ ဟိုအရင်ကလို နောက်တစ်ခါ ပြန်ခံစားရဦးမှာလားလို့ တွေးကြောက်နေမိတယ်။
အချစ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိတော့ဘူး။ မသိချင်တော့ဘူး။

အချစ်သီချင်းတွေလဲ မကြားချင်ဘူး။ စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀တွေလဲ မလိုချင်တော့ဘူး။ အရင်က အိပ်မက်တွေ ပြန်မက်နေရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀က မပြည့်စုံနိုင်ဘူးလေ။

အခုအချိန်မှာ မင်းလိုချင်တာအားလုံး ကိုယ်ပေးဆပ်ခဲ့ပါမယ်။ ကိုယ့်မှာရှိတဲ့ အရာရာတိုင်းကို မင်းစိတ်တိုင်းကျ အသုံးပြုပါကွာ။ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေ ပြောဖို့မဖြစ်တဲ့ဒီဘ၀မှာတော့ မင်းအလိုကျပဲ နေပါ့မယ်။ ဒီတစ်ခါနောက်ဆုံး မင်းလိုအင်တွေအားလုံးကို ကိုယ်ဖြည့်ဆည်းပေးခဲ့ပါမယ်။

ကိုယ့်ရဲ့ စိတ်တွေလဲ အကြိမ်ကြိမ် သေဆုံးခဲ့ရပြီ။ ဒီဘ၀မှာ ရင်ခုန်စရာဆိုတာလဲ မရှိတော့ဘူး။ အရာရာဟာ အကောင်းအတိုင်း မဟုတ်တော့ဘူး။ မဖြစ်နိုင်တော့ဘူး။ ကိုယ့်မှာ ခံနိုင်ရည်ဆိုတာလဲ လုံးဝမရှိတော့ဘူးဆိုတာ မင်းသိရဲ့လားကွာ ....

အဲဒီလို ခံစားချက်မျိုးကို ကိုမျိုးကျော့မြိုင်က သီချင်းလေးတစ်ပုဒ်ရေးပြီး ဆိုထားပါတယ်။ နားထောင်ကြည့်ပါ။

Thursday, May 31, 2007

မေ ၃၁

ဘာရယ် မဟုတ်ပါဘူး .. သီချင်းနားထောင်ရင်းနဲ့ အားလုံးကို နားထောင်စေချင်တဲ့ စေတနာပေါ်လာလို့ .. ကျနော် အရမ်းကြိုက်တဲ့ သီချင်းလေးပါ .. စာသားလေးတွေ အရမ်းကောင်းတယ် ..



မေ ၃၁

သံစဉ်၊ စာသား။ ။မျိုးကျော့မြိုင်

မေ ၃၁ .. မိုးတွေ ရွာသွန်းနေဆဲ လမ်းမတစ်လျှောက်
လမ်းလျှောက်နေလဲ ကိုယ့်စိတ်က မပါသလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုး အမြင့်ကြီးမှာ မင်းမလိုချင်တဲ့
ကိုယ့်အချစ်တွေနဲ့ စိတ်ကူးလို့ ရူးနေမိတယ် .. အချစ်ရယ် ...

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကို သိပ်တွေ့ချင်နေတယ်
အနှောက်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့ အကြောင်းတွေ
မစဉ်းစားနဲ့ မင်းဦးနှောက်နုနုလေး .. ကိုယ့်ကြောင့်
စိတ်ဆင်းရဲသွားရင် ..
မစဉ်းစားနဲ့ ကိုယ်ဘာပဲ ဖြစ်ဖြစ်

မိုးတွေ ကြွေနေတဲ့ မေ ၃၁ .. ကိုယ့်စိတ်တွေ လေနေတဲ့ မေ ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ကြည့်လို့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ မင်းရဲ့ အနားမှာ
အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ


အိပ်မက်တာတွေ အလကားဖြစ် မေ ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ ၃၁
ကိုယ့်ရဲ့ အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သဲမဲ ဒီမိုးစက်တွေထဲ မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောင့်အယှက်များထဲ ကိုယ့်အချစ် မေ ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သဲမဲ ဒီမိုးစက်လိုပဲ

ကိုယ့်အပြစ်တွေ များလွန်းပါတယ် ကိုယ့်ရဲ့ အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး



Saturday, May 26, 2007

အငြိမ့်နောက်ခံပိတ်ကား (ဆလိုက်)


ခရီရေတာ တညလုံး မအိပ်ဘဲနဲ့ ဆွဲထားတဲ့ အငြိမ့်နောက်ခံ ဘက်ဂရောင်းလေး ...

ပြက်လုံးလေးအကြောင်း

ခရီရေတာတို့ အာအိုင်တီကျောင်းက သုံးနှစ်တစ်ကြိမ်လုပ်နေကျ ဆရာပူဇော်ပွဲကို ဒီနှစ် စင်ကာပူမှာ လုပ်ဖြစ်ပါတယ်။

တတ်သည့် ပညာ (အမှန်ကတော့ ရွသည့် ၀ါသနာပါ) မနေသာဆိုသလို ကျောင်းတုန်းက အတူတူ ကကြခုန်ကြတဲ့ သူငယ်ချင်းတွေက အငြိမ့်ကို
တာဝန်ယူတော့ စာမေးပွဲရှိတဲ့ ခရီရေတာကလဲ ပါလို့မရပေမယ့် ဇာတ်ဆရာသူငယ်ချင်းကို ပြက်လုံးတွေ ကူပြီး စဉ်းစားပေးရတာပေါ့လေ။ ကပြရမှာက နိုင်ငံစုံက လာမယ့် ဆရာကြီး၊ ဆရာမကြီးတွေနဲ့ လူကြီးတွေက အများကြီး၊ မြန်မာပြည်နဲ့ ဝေးနေတဲ့လူတွေက အများစုဆိုတော့ မြန်မာပြည်က အဖြစ်အပျက်အသစ်တွေ၊ ကြော်ငြာအသစ်တွေအကြောင်း ပျက်ပြန်ရင်လဲ မသိတော့ ရယ်ကြမှာ မဟုတ်၊ ပြက်လုံးအရမ်း ကြမ်းသွားပြန်ရင်လဲ မိသားစုတွေဆီ ပြန်မရမှာကစိုး၊ ဟိုးရှေးရှေးတုန်းက အာအိုင်တီက အကြောင်းတွေဆိုလဲ ကျနော်တို့ကမသိ၊ အားလုံးက အလုပ်တွေ stress တွေနဲ့ ဆိုတော့ ငယ်ငယ်ကလို ပြက်လုံးတွေက မထွက်နဲ့ တော်တော့ကို စိတ်ပူခဲ့ရပါတယ်။ ကျနော်တို့က အာအိုင်တီရဲ့ ဒုတိယနောက်ဆုံးမျိုးဆက်ဆိုတော့ အငယ်ဆုံးနီးပါးပေါ့ဗျာ။ ကလေးတွေလုပ်တာ ကပျက်ကချော်နဲ့လို့လဲ အပြောမခံချင်ဆိုတော့ ကျနော်လဲ စာမေးပွဲနီးတဲ့ကြားက သူငယ်ချင်းတွေကို ကူညီရပါတယ်။ ပြက်လုံးစဉ်းစားခါမှ အမေ့ကို သတိရပြီး အမေ့အတွက် ကဗျာတစ်ပုဒ်ရေးမိသေးတယ်။

နောက်နေ့ အလုပ်သွားတော့ ဒီပြက်လုံးလေး စဉ်းစားမိတာနဲ့ အလုပ်မှာ မြန်မြန်ချရေးပြီး သူငယ်ချင်းကို အီးမေးလ် လှမ်းပို့လိုက်ပါတယ်။ ပြက်လုံးကျောရိုးက ကျနော်စဉ်းစားပြီး အထဲမှာ ပါတဲ့ စာသားတွေကိုတော့ ကျနော်တစ်ဝက်၊ သူငယ်ချင်းတစ်ဝက် ရေးပါတယ်။ ပြက်လုံးလေးကတော့ ဒီလိုပါတဲ့ဗျာ ...


ဟေး ... ကြည့်စမ်း တို့ မင်းသမီးလေးက မြန်မာသီချင်းလေးဆိုပြီး မြန်မာအကလေးကသွားလိုက်တာ တို့ မြန်မာပြည်တောင် လွမ်းလာပြီဟေ့ .. အဲဒီတော့ တို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ တို့မိဘဆွေမျိုးတွေကို ဆုတောင်းမေတ္တာပို့သရင် မကောင်းဘူးလားဟေ့ ... (ကောင်းတယ်ဟေ့) ဒါပေမယ့် တို့က ဒီစင်ကာပူမှာရောက်နေတာဆိုတော့ ဟို ဗဒင်ရဲ့ သီချင်းလေး `ဒို့ကတော့ ဒို့ကတော့ .. ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ်´ဆိုတဲ့ သီချင်းလေးနဲ့ ဆုတောင်းပေးရင် မကောင်းဘူးလား .. (ကောင်းတာပေါ့ဗျာ) အဲဒီတော့ စလိုက်ကျရအောင်ဟေ့ ...

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ .. ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´

`ကြက်တုပ်ကွေးများ ပြန့်ပွားနေ .. ကမ္ဘာအနှံ့မှာလေ .. ဒို့နိုင်ငံတော့ ကျော်ကာသွား .. ယုံနိုင်ကြရဲ့လား ... ဒို့မြန်မာ ပြည်သူများ ဘေးကင်းကြစေသား´

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`ဒီဇယ်အစားထိုး နည်းပညာ .. ကြက်ဆူဆီကို သုံးစွဲမှာ .. ဒို့ တောင်သူဦးကြီးများ .. ကြက်ဆူပင်နဲ့ ညား .. လောင်စာဆီ ပြဿနာများ
ကျော်လွှားနိုင်စေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`တိုးတက်နေတဲ့ မြို့ရန်ကုန် .. ဟွန်းသံကင်းမဲ့ဇုံ .. မီးစက်သံတော့ သတိထား .. နေရာတိုင်းမှာကြား .. မီးစက်သံကင်းမဲ့ ဇုံတွေများ .. ပေါ်ပေါက်ကြစေသား´

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`အလှည့်ကျ စနစ်နဲ့ ဖြန့်ဝေတာ .. လျှပ်စစ်မီးကိုပါ .. လျှပ်စစ်စွမ်းအား ပြည်ထွန်းကား .. သိတယ်မဟုတ်လား .. ဟိုက်ဒရိုပါဝါ
ပရောဂျက်များ .. မြန်မြန်ပြီးစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`၀န်ထမ်းလစာတိုးပေးတာ .. ကုန်ဈေးနှုန်းက မဖြုံပါ .. ဆထက်တိုးကာ တက်လို့သွား .. မှတ်ပြီ မဟုတ်လား .. ဒို့ မြန်မာ ပြည်သူများ ..
ဖူလုံကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`နည်းပညာရဲ့ တက္ကသိုလ်တွေ .. နေရာအနှံ့မှာ ဖွင့်လှစ်နေ .. တက္ကသိုလ်တက်တဲ့ ဒို့ကျောင်းသား .. ယူနီဖောင်းနဲ့ဗျား .. စာမေးပွဲတော့
အောင်ကာသွား .. ပညာတတ်စေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`တိုးတက်မှုနဲ့ လိုက်လျောညီ .. ကားမှာ အင်နာဂျီ ..
စီအင်ဂျီတဲ့ ဂက်စ်အိုးများ .. ယိုတာစိမ့်တာ သတိထား .. ဒို့မြန်ပြည် ခရီးသွား ..
ဘေးကင်းကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`နိုင်ငံ့ဝင်ငွေ တိုးပွားအောင် .. အခွန်လေးတော့ ဆောင် .. မယွင်းမှားအောင် သတိထား .. စားရင်းဇယားနဲ့သွား (စာရင်းဇယားပါဟ) ..
နိုင်ငံ့ဝင်ငွေရှာသူများ .. ချမ်းသာကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေး ....´


`ဟေ့ကောင်တွေ .. ဒီဟာက ဝေးဝေးကနေ ဆုတောင်းပေးလို့
မရတော့ဘူး ... အခွန်နှစ်ထပ်မိနေတာက ဒီမှာ .. စင်ကာပူမှာ .. အဲဒီတော့ ပြောင်းပြီး
ဆုတောင်းရမယ်´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့
နီးနီးကနေဆုတောင်းဆဲကွယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါ့မလား´

Tuesday, May 22, 2007

လိုချင်တာများ ဒီရင်ဘတ်ထဲ ...

အလိုချင်ဆုံးအရာလေးတွေကို ပထမဆုံး ချရေးကြည့်မယ်။
၁။ ကျနော့်အနားမှာ စိတ်ချမ်းချမ်းသာသာနဲ့ ရှိနေမယ့် အမေ (အမေတစ်ခု သားတစ်ခုကိုးဗျ ... )
၂။ အရမ်းချစ်တတ်တဲ့ ချစ်သူ ၇၀%၊ ဂရုစိုက်တတ်တဲ့ အမေ ၁၀%၊ ချွဲနွဲ့တတ်တဲ့ ညီမလေး ၁၀%၊ ကျန်တဲ့ ၁၀% ကတော့ သူ့ကိုယ်ပိုင် .... အဲလိုမျိုး ကောင်မလေး တစ်ယောက် (ကြော်ငြာ .. ဒီမှာလေ အချစ်စစ် ရမယ် .. အချစ်စစ် .. )
၃။ ခေတ်မီတိုးတက်နေတဲ့ မြန်မာပြည် (ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး ...)
၎။ သူငယ်ချင်းများရဲ့ ပျော်ရွှင်မှု
၅။ အီလက်ထရောနစ်နဲ့ ကွန်ပျူတာပညာရပ် အားလုံး

အခုလောလောဆယ်တော့ ဒီလောက်ပါပဲ။ နောက်မှ ထပ်တိုးတော့မယ်။ ဟဲဟဲ..