Tuesday, June 19, 2007

မိုးတွေ ရွာနေချိန်တိုင်း ....

ငှက်ကလေးများ မိုးပေါ်မှာ ... ကျနော်မွေးတဲ့ ဟောဒီကမ္ဘာ ...

မိုးဦးကျကာစ ညတစ်ညမှာ ခရီရေတာတစ်ယောက် လူ့လောကကို စတင်ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်က ထူးထူးခြားခြား မိုးတွေသဲပြီး ရေတွေ ကြီးပါသတဲ့။ အဖေက ဒူးခေါင်းလောက်ရှိတဲ့ ရေတွေထဲက ဖြတ်ပြီး ခရီရေတာပေါက်စလေးနဲ့ အမေရှိတဲ့ အိမ်ကို ရုံးကနေ ပြန်ပြန်လာရတာပေါ့ ....။


ဝလုံးလေးမှ ၀ိုင်းအောင် မရေးနိုင်ခင် ...

တစ်နေ့လုံး စွေရွာနေတဲ့ မိုးကြောင့် ဒီနေ့တော့ အပြင်ထွက်ဆော့လို့ မရတော့ပါဘူး။ အိမ်ရှေ့ သံဇကာကွက်တွေနားမှာ ရပ်ပြီး ကောင်းကင်က ကျဆင်းလာတဲ့ မိုးရေစက်တွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေရပါတော့တယ် ....။


ခေါင်းလောင်းသံ တစ်ညံညံပေး .. ရွာကျောင်းကို တွေးမြင်မိပေ ...

မိုးတွေရွာလို့ ပျော်နေတဲ့ ဘဲတွေ၊ ငန်းတွေနဲ့ ဖားတွေကို တွေ့ရင် အရှေ့က ရေထဲမှာ မြောနေတဲ့ ဖိနပ်စုတ်နဲ့သာ ကောက်ပေါက်လိုက်ချင်ပါတော့တယ်။ ကျောင်းကနေ အိမ်ကိုပြန်ရတဲ့ လမ်းမတစ်လျှောက်မှာတော့ ရေတွေ ဖွေးလို့ပေါ့။ ဒီနေ့ ကျောင်းဆင်းချိန်မှာမှ ကိုရွှေမိုးက အညှိုးနဲ့ ရွာချတာမို့ ကျောင်းဝတ်စုံရော ခပ်တိုတိုလွယ်ထားတဲ့ လွယ်အိတ်ထဲက ကျောင်းစာအုပ်တွေရော စိုကုန်ပါပြီ။ အိမ်ရောက်ရင်တော့ မီးကင်ရဦးမယ်။ ဒီကြားထဲ ဆရာမကလဲ အိမ်စာတွေ အများကြီး ပေးလိုက်သေးတယ်။ မနက်ဖြန်ထပ်ရမယ်တဲ့ ...။


မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို ...

ကျောင်းမှာ မနက်ဖြန် Tutorial အတွက် Lecturer က စာပြန်နွှေးပေးပါမယ်ဆိုမှ မိုးတွေက သဲတော့တယ်။ မြို့ပြင်မှာရှိတဲ့ ကျောင်းကို ၄၅မိနစ်လောက် မောင်းရတဲ့ ကျောင်းကားနဲ့ ဒီလိုမိုးနဲ့ လမ်းမှာ ရေကြီးတာနဲ့ ဆိုရင်တော့ အတန်းနောက်ကျပါပြီ။ နောက်ကျတော့ နောက်ဆုံးတန်းမှာ ထိုင်ရဦးမယ်၊ မိုးသဲလို့ မီးကလဲ ပျက်ဦးမှာဆိုတော့ ခပ်တိုးတိုးပဲ ပြောတတ်တဲ့ Lecturer အသံကို ဘယ်လိုနားထောင်ရပါ့ ....။


အဝေးသို့ လေယာဉ်ပျံကြီး ဦးတည် ....

ညိုမဲနေတဲ့ မိုးတိမ်တွေနဲ့ မိုးနံ့သင်းနေတဲ့လေနဲ့ဆိုရင်တော့ လေယာဉ်ပျံဆင်းလာရင် မိုးကိုပါ ခေါ်လာမှာ အသေအချာပါပဲ။ လေယာဉ်ကွင်းမှာ တိုက်တဲ့လေက ပြင်းလွန်းတာမို့ မိုးရောလေရော ပါလာရင် ခဲလုံးလေးတွေနဲ့ အပေါက်ခံရသလို ခံစားရတယ်။ ဒူးခေါင်းလောက်ထိပဲ လုံတဲ့ မိုးကာအင်္ကျီရှည်တွေကို ၀တ်ထားတဲ့ ခရီရေတာ အပါအ၀င် လေယာဉ်မက္ကင်းနစ်တွေက လေယာဉ်ကွင်းထဲမှာ အသင့်နေရာယူပြီးပါပြီ။ လေယာဉ်ဆင်းလာရင် ရပ်ရမယ့်နေရာကို လမ်းပြခေါ်မယ့်သူက ခေါ်၊ ဆီဖြည့်မယ့်သူက ဖြည့်၊ နောက်တစ်ခေါက်ပျံဖို့အတွက် စစ်ဆေးမှုတွေလုပ်တဲ့သူက လုပ်နဲ့ အလုပ်ရှုပ်ရတော့မယ်။ မိုးငွေ့ရေငွေ့တွေကြောင့် စိတ်ဖောက်ပြန်လာတတ်တဲ့ မိုးတိမ်ကြည့်တဲ့ ရေဒါအပါအ၀င် လေယာဉ်က လျှပ်စစ်ပစ္စည်းတွေကိုလည်း စိတ်ပူရသေးတယ်။ ဘုရားသိကြားမလို့ မိုးထဲရေထဲမှာ စက်မပြင်ရပါစေနဲ့ ....။


မိုးကလေးဖွဲတုန်း သတိရတယ် ...

မိုးကို မချစ်တဲ့ ခရီရေတာနဲ့ ၁၂လရာသီလုံး မိုးရွာတဲ့ စင်ကာပူနဲ့တော့ တွေ့ကြပါပြီ။ မိုးဖွဲဖွဲနဲ့ ခဏခဏရွာတတ်တဲ့ စင်ကာပူမိုးကိုလဲ စိတ်တော့ ပျက်မိသေးတာပဲ။ ဒါပေမယ့် မုန်တိုင်းတေလေကြောင့် မိုးတွေစွေတဲ့ ရက်မျိုးဆိုရင်တော့ အိမ်မှာ မိုးရေတွေ ခံနေရှာမယ့် အမေနဲ့ ရေကြီးပြီး ဗွက်ပေါက်နေမယ့် ရန်ကုန်မြေကိုတော့ တမ်းတမ်းတတ လွမ်းမိရပါသေးတယ်လေ ....။ ။

ခရီရေတာ
19.6.2007
(ခေတ္တ စန်တိုစာကမ်းခြေ .. ဟီး ...)

ထပ်မံတက်ချင်တဲ့ သူတွေကတော့
  • ဘာညာ သာရကာ နေကြာ ကွာစိ
  • ချစ်စရာ ညလေးသိလိ (သူက အဲလိုခေါ်တာ ကြိုက်တယ်ဆိုလို့ ... :P)
  • အကိုကြီး (ဒီလိုပဲ ရမ်းခေါ်လိုက်တာပဲ) ကိုပု

တို့ ဖြစ်ပါတယ်။

Friday, June 1, 2007

မဖြစ်သင့်ဘူး

အိမ်အပြင်ဘက်က ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေတယ်။ ကိုယ့်စိတ်တွေလဲ မှုန်မှိုင်းနေတယ်။ ရင်ခုန်တယ်၊ ကြည်နူးတယ်ဆိုတဲ့ ခံစားချက်တွေလဲ မလိုချင်တော့သလိုပဲ။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်ချင်မှန်း မသိတော့ဘူးကွာ။ တစ်ဖက်သတ် စိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတယ်။ အဲဒါတွေ မဖြစ်သင့်မှန်း ကိုယ်သိပါတယ်။ တကယ်ချစ်တာဟုတ်ရဲ့လားလို့ သံသယအတွေးတွေလဲ
ဝင်လာတယ်။

ကိုယ့်ရဲ့ စိတ်ကူးတွေ မျှော်လင့်ချက်တွေလဲ အကြိမ်ကြိမ် ကြေမွပျက်စီးခဲ့ရဖူးတယ်။ ကိုယ့်ဘ၀မှာ ရင်ခုန်စရာတွေအားလုံး ရပ်တန့်ခဲ့ရပါပြီ။ ဟိုးအရင်တုန်းကမက်ခဲ့တဲ့ အိပ်မက်တွေကိုရော နောက်တစ်ခေါက်ပြန်ပြီး မက်သင့်သေးရဲ့လား။ အရာရာကို အရှုံးပေးထားတဲ့ စိတ်တွေနဲ့ ဘာဆိုဘာကိုမှ မလုပ်တတ်တော့ပါဘူးကွာ။ ဟိုအရင်ကလို နောက်တစ်ခါ ပြန်ခံစားရဦးမှာလားလို့ တွေးကြောက်နေမိတယ်။
အချစ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိတော့ဘူး။ မသိချင်တော့ဘူး။

အချစ်သီချင်းတွေလဲ မကြားချင်ဘူး။ စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀တွေလဲ မလိုချင်တော့ဘူး။ အရင်က အိပ်မက်တွေ ပြန်မက်နေရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀က မပြည့်စုံနိုင်ဘူးလေ။

အခုအချိန်မှာ မင်းလိုချင်တာအားလုံး ကိုယ်ပေးဆပ်ခဲ့ပါမယ်။ ကိုယ့်မှာရှိတဲ့ အရာရာတိုင်းကို မင်းစိတ်တိုင်းကျ အသုံးပြုပါကွာ။ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေ ပြောဖို့မဖြစ်တဲ့ဒီဘ၀မှာတော့ မင်းအလိုကျပဲ နေပါ့မယ်။ ဒီတစ်ခါနောက်ဆုံး မင်းလိုအင်တွေအားလုံးကို ကိုယ်ဖြည့်ဆည်းပေးခဲ့ပါမယ်။

ကိုယ့်ရဲ့ စိတ်တွေလဲ အကြိမ်ကြိမ် သေဆုံးခဲ့ရပြီ။ ဒီဘ၀မှာ ရင်ခုန်စရာဆိုတာလဲ မရှိတော့ဘူး။ အရာရာဟာ အကောင်းအတိုင်း မဟုတ်တော့ဘူး။ မဖြစ်နိုင်တော့ဘူး။ ကိုယ့်မှာ ခံနိုင်ရည်ဆိုတာလဲ လုံးဝမရှိတော့ဘူးဆိုတာ မင်းသိရဲ့လားကွာ ....

အဲဒီလို ခံစားချက်မျိုးကို ကိုမျိုးကျော့မြိုင်က သီချင်းလေးတစ်ပုဒ်ရေးပြီး ဆိုထားပါတယ်။ နားထောင်ကြည့်ပါ။